call us now

+95-9-456844445

ရည်ရွယ်ချက်

  • အရည်အသွေးပြည့်ဝ၍ ထိရောက်မှုနှင့် လုံခြုံမှုရှိသော ကျန်းမာရေး စောင့်ရှောက်မှုကို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး ခံစားခွင့် ရရှိစေရန်၊
  • ဆရာဝန်များ၏ ဆေးပညာဗဟုသုတ၊ ကျန်းမာရေးစောင့်ရှောက်မှု အရည်အေzသွးနှင့် အဆင့်အတန်းကို အစဉ်တစိုက် ထိန်းသိမ်းမြှင့်တင်ရန်၊
  • ဆေးပညာကို ခေတ်နှင့် အညီ လေ့လာသင်ကြားနိုင်စေရန်၊
  • ဆေးပညာတိုးတက်မှုကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးနိုင်စေရန်၊
  • ဆရာဝန်များ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်နိုင်စေရန်၊
  • ဆရာဝန်များကျင့်ဝတ်သိက္ခာနှင့် စည်းကမ်းများ လိုက်နာစောင့်ထိန်းရေးကို ကြပ်မတ်ထိန်းသိမ်းပေးရန်၊
  • ကောင်းမွန်သော ဆေးကုသမှုပတ်ဝန်းကျင် ဖြစ်ထွန်းစေရန်။

ကောင်စီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ

ကောင်စီ၏ တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

  • ပြည်တွင်းပြည်ပရှိ ဆေးတက္ကသိုလ်၊ ဆေးကောလိပ်တစ်ခုခုက ဖြစ်စေ၊ ဆေးပညာအတွက် ဖွဲ့စည်းထားသည့် အခြားအဖွဲ့အစည်း တစ်ခုခုကဖြစ်စေ အပ်နှင်းသည့် ဆေးပညာဘွဲ့များကို အသိအမှတ်ပြုခြင်း၊ အသိအမှတ်ပြုရန် ငြင်းပယ်ခြင်း၊
  • ကောင်စီက အသိအမှတ်ပြုထားသော ဆေးပညာဘွဲ့များကို အခါအားလျော်စွာ ထုတ်ပြန်ကြေညာခြင်း၊
  • မှတ်ပုံတင်ဆရာဝန်စာရင်းနှင့် ဆေးကုသခွင့်လိုင်စင်ရ ဆရာဝန်စာရင်းများကို ပြုစုထားရှိခြင်းနှင့် အခါအားလျော်စွာ ထုတ်ပြန်ခြင်း၊
  • ဆရာဝန်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးနှင့် အဆင့်အတန်းကို ထိန်းသိမ်းမြှင့်တင်နိုင်ရန် လေ့လာဆန်းစစ်ခြင်း၊ လိုအပ်သလို ဆောင်ရွက်ခြင်း၊ အစိုးရဌာနအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်း၊
  • နိုင်ငံတော်နှင့် ပုဂ္ဂလိကဆေးရုံများ၊ ဆေးခန်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း ထိန်းသိမ်းမြှင့်တင်ရန်နှင့် လုံခြုံမှုရှိစေရန် လိုအပ်သော စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ ထုတ်ပြန်ခြင်း၊ ဆန်းစစ်ခြင်းနှင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ခြင်း၊
  • ဆေးပညာသင်ကြားမှု အဆင့်အတန်းမြင့်မားစေရေးနှင့် အရည်အသွေးပြည့်ဝသော ဆေးပညာရှင်များ ပေါ်ပေါက်စေရေးတို့အတွက် တိုးတက်ပြောင်းလဲနေသော ဆေးပညာသင်ကြားရေးစနစ်များကို လေ့လာသုံးသပ်၍ သက်ဆိုင်ရာတက္ကသိုလ်များ သင်ကြားရေးဌာနများနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ အကြံပြုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
  • နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်နှင့် အညီ ဆရာဝန်များ ဆေးပညာစဉ်ဆက်မပြတ်သင်ကြားမှု ရရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးတက္ကသိုလ်များ၊ ဆေးပညာဆိုင်ရာ အသင်းအဖွဲ့များ ၊ ပညာရှင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
  • ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်းမြင့်မားစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသို့ အကြံပြုခြင်း၊
  • ဆရာဝန်များလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာများကို သတ်မှတ်ကြေညာခြင်း၊
  • ဆရာဝန်၏ ကျင့်ဝတ်သိက္ခာများကို လိုက်နာစေရန် ကြီးကြပ်ကွပ်ကဲခြင်းနှင့် လိုက်နာစောင့်ထိန်းရန် ပျက်ကွက်မှုများနှင့် စပ်လျဉ်းသည့် တင်ပြချက်များကို စုံစမ်းစစ်ဆေးခြင်းနှင့် လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း၊
  • ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း၊ ဆေးရုံ၊ ဆေးပေးခန်းများတွင် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ သုံးစွဲခြင်း၊ သုတေသနပြုခြင်းတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အဖွဲ့အစည်းများအား ညှိနှိုင်းဆွေးနွေးခြင်း၊ အကြံပြုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
  • ကောင်စီ၏ အစည်းအဝေးများတွင် သက်ဆိုင်သည့် ပညာရပ်ဆိုင်ရာ ဝါရင့်ပါမောက္ခများကို လိုအပ်ပါက ဖိတ်ကြား၍ အကြံဥာဏ်တောင်းခံခြင်း။

ဆရာဝန်မှတ်ပုံတင်ခြင်း

ဆရာဝန်မှတ်ပုံတင်လက်မှတ်ရရှိလိုသော နိုင်ငံသားတစ်ဦးဦးသည် အောက်ပါသတ်မှတ်ချက်များနှင့် အညီ ကောင်စီသို့ လျှောက်ထားနိုင်သည် -

  • ကောင်စီက အသိအမှတ်ပြုသည့် ပြည်တွင်းဆေးတက္ကသိုလ်တစ်ခုခုက အပ်နှင်းသည့် အခြေခံဆေးပညာဘွဲ့ ရရှိသူ၊
  • ကောင်စီက အသိအမှတ်ပြုသည့် ပြည်ပဆေးတက္ကသိုလ်တစ်ခုခုက ဖြစ်စေ၊ ဆေးကောလိပ်တစ်ခုခုက ဖြစ်စေ အပ်နှင်းသည့် အခြေခံဆေးပညာဘွဲ့ရရှိသူ၊
  • ကောင်စီက အသိအမှတ်ပြုထားခြင်း မရှိသည့် ပြည်ပဆေးတက္ကသိုလ်တစ်ခုခုက ဖြစ်စေ၊ ဆေးကောလိပ်တစ်ခုခုက ဖြစ်စေ အခြေခံဆေးပညာဘွဲ့ရရှိပြီး ကောင်စီက ကျင်းပပြုလုပ်သော ဆေးကုသခွင့် လိုင်စင်စာမေးပွဲကို အောင်မြင်ပြီးသူ၊
  • လျှောက်ထားသည့် လျှောက်လွှာကို သတ်မှတ်ချက်များနှင့် အညီ စိစစ်ပြီး မှတ်ပုံတင်ကြေးပေးသွင်းစေ၍ ဆရာဝန်မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးခြင်း သို့မဟုတ် ထုတ်ပေးရန် ငြင်းပယ်ခြင်း

ကောင်စီသည် မှတ်ပုံတင်ဆရာဝန်တစ်ဦးဦးနှင့် ပတ်သက်၍ အောက်ပါအချက်တစ်ရပ်ရပ် ပေါ်ပေါက်ကြောင်း စစ်ဆေးတွေ့ရှိပါက မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ရမည် -

(က) မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးသုံးစွဲကြောင်း ပေါ်ပေါက်ခြင်း၊

(ခ) ပြစ်မှုတစ်ရပ်ရပ်ဖြင့် တရားရုံး၏ ပြစ်မှုထင်ရှားစီရင်ခြင်ကို ခံရပြီး ယင်းပြစ်မှုသည် ဆရာဝန်အဖြစ် ဆက်လက်ထမ်းဆောင်ရန်မသင့်ဟု ကောင်စီက သတ်မှတ်ထားသော ပြစ်မှုဖြစ်ခြင်း၊

(ဂ) ဆရာဝန်တစ်ဦး၏ ကျင့်ဝတ်သိက္ခာပျက်ကွက်သည်ဟု ကောင်စီက စစ်ဆေးတွေ့ရှိခြင်း။


ဘွဲ့လွန်ဒီဂရီ အသိအမှတ်ပြုခြင်း

  • ပြည်တွင်းပြည်ပ ဆေးတက္ကသိုလ်တစ်ခုခုက အပ်နှင်းသည့် ဘွဲ့လွန်ဆေးပညာဘွဲ့ရရှိသူသည် ဘွဲ့လွန်ဒီဂရီ အသိအမှတ်ပြုနိုင်ရန် ကောင်စီသို့ သတ်မှတ်ချက်များနှင့် အညီ လျှောက်ထားနိုင်သည်။
  • လျှောက်ထားသူများကို သတ်မှတ်ချက်များနှင့် အညီ စိစစ်ပြီး မှတ်ပုံတင်ကြေး ပေးသွင်းစေ၍ ဘွဲ့လွန်ဒီဂရီရရှိကြောင်း မှတ်ပုံတင် လက်မှတ်ကို ထုတ်ပေးခြင်း သို့်မဟုတ် ထုတ်ပေးရန်ငြင်းပယ်ခြင်း ပြုနိုင်သည်။

ဆေးကုသခွင့်လိုင်စင်

  • နိုင်ငံသားမှတ်ပုံတင် ဆရာဝန်သည် ဆေးကုသသည့် လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လိုပါက အထွေထွေဆေးကုသခွင့် ရရှိရန် သတ်မှတ်ချက်များနှင့် အညီ ကောင်စီသို့ လျှောက်ထားရမည်။
  • လျှောက်ထားချက်ကို ရရှိသည့်အခါ အလုပ်အမှုဆောင်အဖွဲ့သို့ စိစစ်ရန် လွှဲပြောင်းပေးရမည်။
  • လျှောက်ထားသည့် လျှောက်လွှာကို စိစစ်ပြီး လိုင်စင်ကြေးနှင့် အခြားသတ်မှတ်ထားသော အခကြေးငွေများ ပေးသွင်းစေ၍ လိုအပ်ပါက အရည်အချင်း စစ်ဆေးခြင်း ပြု လုပ်ပြီး အရည်အချင်းပြည့်မီလျှင် အထွေထွေဆေးကုသခွင့် လိုင်စင်ကို ထုတ်ပေးရမည်။ အရည်အချင်းမပြည့်မီ ပါက လိုင်စင်ကို ထုတ်ပေးရန် ငြင်းပယ် နိုင်သည်။
  • အခြေခံဆေးပညာဘွဲ့နှင့် အလားတူ ဆေးပညာဘွဲ့ရ နိုင်ငံခြားသားဆရာဝန်သည် ကန့်သတ်အထွေထွေဆေးကုသခွင့် လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့် အညီ ကောင်စီသို့ လျှောက်ထားရမည်။
  • လျှောက်ထားသည့် လျှောက်လွှာကို သတ်မှတ်ချက်များနှင့် အညီ စိစစ်ပြီး လိုင်စင်ကြေးနှင့် အခြားသတ်မှတ်ထားသော အခကြေးငွေများ ပေးသွင်းစေ၍ ကုသခွင့်ရှိသောနေရာ၊ ဒေသနှင့် အချိန်ကာလများကို ကန့်သတ်လျက် ကန့်သတ်အထွေထွေ ဆေးကုသခွင့်လိုင်စင်ကို ထုတ်ပေးခြင်း သို့မဟုတ် ထုတ်ပေးရန် ငြင်းပယ်ခြင်းပြုနိုင်သည်။
  • အထွေထွေဆေးကုသခွင့် လိုင်စင်ရရှိထားသည့် မှတ်ပုံတင်ဆရာဝန်သည် အထူးဆေးကုသခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံပါက အထူးဆေးကုသခွင့်လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့် အညီကောင်စီသို့ လျှောက်ထားနိုင်သည်။
  • လျှောက်ထားသည့် လျှောက်လွှာကို စိစစ်ပြီး လိုင်စင်ကြေးနှင့် အခြားသတ်မှတ်ထားသော အခကြေးငွေများ ပေးသွင်းစေ၍ အထူးဆေးကုသခွင့်လိုင်စင်ကို ထုတ်ပေးခြင်း သို့မဟုတ် ထုတ်ပေးရန် ငြင်းပယ်ခြင်းပြုနိုင်သည်။
  • နိုင်ငံခြားသား အထူးကုဆရာဝန်သည် မြန်မာနိုင်ငံတွင်ဆေးကုသသည့် လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လိုပါက ကန့်သတ် အထူးဆေးကုသခွင့် လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့် အညီ ကောင်စီသို့ လျှောက်ထားရမည်။
  • လျှောက်ထားသည့် လျှောက်လွှာကို စိစစ်ပြီး လိုင်စင်ကြေးနှင့် အခြားသတ်မှတ်ထားသော အခကြေးငွေများ ပေးသွင်းစေ၍ ကုသခွင့်ရှိသော ဆေးပညာ ဘာသာရပ်အမျိုးအစား၊ ကုသခွင့်ရှိသော နေရာ၊ ဒေသနှင့် အချိန်ကာလများကို ကန့်သတ်လျက် ကန့်သတ် အထူးဆေးကုသခွင့် လိုင်စင်ကို ထုတ်ပေးခြင်း သို့မဟုတ် ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။
  • အခြေခံဆေးပညာဘွဲ့မရရှိသော်လည်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဘွဲ့တစ်ခုခုရရှိပြီး သက်ဆိုင်ရာ ပညာရပ်အလိုက် ကုသမှုဆောင်ရွက်လိုသူသည် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်လိုင်စင်ကို သတ်မှတ်ချက်များနှင့် အညီ ကောင်စီသို့ လျှောက်ထားနိုင်သည်။
  • လျှောက်ထားသည့် လျှောက်လွှာကို စိစစ်ပြီး လိုအပ်ပါက အရည်အချင်းစစ်ဆေးရန်၊ အရည်အချင်း ပြည့်မီလျှင် လိုင်စင်ကြေးနှင့် အခြားသတ်မှတ်ထားသော အခကြေးငွေများ ပေး သွင်းစေလျက် ကုသခွင့်ရှိသည့် ပညာရပ်ဆိုင်ရာ နယ်ပယ်သတ်မှတ်၍ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်လိုင်စင်ကို ထုတ်ပေးနိုင်သည်။ အရည်အချင်းမပြည့်မီပါက လိုင်စင်ကို ထုတ်ပေးရန် ငြင်းပယ်ရမည်။
  • ဆေးကုသခွင့်လိုင်စင်ရရှိသူသည် လိုင်စင်သက်တမ်း ကုန်ဆုံးပြီးနောက် မိမိ၏ ဆေးကုသသည့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုပါက သက်တမ်းတိုးမြှင့်ပေးရန် လိုင်စင်သက်တမ်းမကုန်ဆုံးမီ သတ်မှတ်ချက်များနှင့် အညီ ကောင်စီသို့ လျှောက်ထားရမည်။ လျှောက်ထားဆဲ ကာလအတွင်း ယင်း၏ ဆေးကုသမှု လုပ်ငန်းများသည် တရားဝင်ဆောင်ရွက် ခြင်းဟု မှတ်ယူရမည်။
  • ဆေးကုသခွင့် လိုင်စင် သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားသည့် လျှောက်လွှာကို သတ်မှတ်ချက်များနှင့် အညီ စိစစ်ပြီး သက်တမ်းတိုးမြှင့်ပေးခြင်း သို့မဟုတ် သက်တမ်းတိုးမြှင့် ပေးရန်ငြင်း ပယ်ခြင်း ပြုနိုင်သည်။

ဆေးကုသခွင့်လိုင်စင်ရ ဆရာဝန်တစ်ဦးဦးနှင့် ပတ်သက်၍ အောက်ပါအချက်တစ်ရပ်ရပ်ပေါ် ပေါက်ကြောင်း စစ်ဆေးတွေ့ရှိပါက ဆေးကုသခွင့် လိုင်စင်ကို ပယ်ဖျက်ခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း ပြုနိုင်သည် -

(က) ဆရာဝန်မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရခြင်း၊

(ခ) စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ကိုယ်အင်္ဂါကျန်းမာကြံ့ခိုင်မှုမရှိ ခြင်းကြောင့် ဆရာဝန်တစ်ဦး၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်စွမ်း မရှိခြင်း၊

(ဂ) ဆရာဝန်တစ်ဦး၏ လုပ်ငန်းတာဝန်များကို ပေါ့လျော့စွာ ဆောင်ရွက်ခြင်း၊

(ဃ) ဆရာဝန်တစ်ဦး၏ လိုက်နာရမည့် ကျင့်ဝတ်သိက္ခာနှင့် အညီ လိုက်နာစောင့်ထိန်းမှုမရှိခြင်း၊

(င) ဆရာဝန်တစ်ဦး၏ အရည်အသွေးနှင့် အညီ လုပ်ဆောင်နိုင်စွမ်း မရှိခြင်း၊

(စ) ကောင်စီက သတ်မှတ်သောကာလအတွင်း လုံလောက်သော အကြောင်းပြချက်မရှိဘဲ ဆေးကုသခွင့်လိုင်စင် သက်တမ်းတိုးမြှင့်ရန် ပျက်ကွက်ခြင်း၊

(ဆ) ကောင်စီက အသိအမှတ်မပြုသော ဘွဲ့၊ ဒီဂရီ၊ အဆင့်၊ ကျွမ်းကျင်မှုဆိုင်ရာ ပညာရပ်များကို မိမိ၏ အမည်နှင့် ယှဉ်တွဲ၍ ဖော်ပြခြင်း။


တားမြစ်ချက်နှင့် ပြစ်ဒဏ်များ

  • မည်သူမျှ ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသခြင်း မပြုရ။
  • ဆေးကုသခွင့်လိုင်စင်ရသူ မည်သူမျှ ဆေးကုသည့်လုပ်ငန်း ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဆေးကုသသည့် လုပ်ငန်းအလိုက် ကျွမ်းကျင်မှုရှိကြောင်း သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက ထုတ်ပေးသည့် လိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ ခွင့်ပြုချက်၊ သင်တန်းဆင်းလက်မှတ် သို့မဟုတ် အထောက်အထား ရရှိသူမှအပ အခြားသူကို တာဝန်ပေးဆောင်ရွက်စေ ခြင်းမပြုရ။
  • ဆေးကုသခွင့်လိုင်စင်ရသူ မည်သူမျှ -

    (က) ကောင်စီကထုတ်ပေးသည့် လိုင်စင်ပါ ခွင့်ပြုသည့် ဆေးကုသ ခြင်း အမျိုးအစားမှအပ အခြားဆေးကုသခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း မပြုရ။

    (ခ) ကောင်စီကထုတ်ပေးသည့် လိုင်စင်ပါ ကန့်သတ်ချက်များကို ကျူးလွန်ဖောက်ဖျက် ဆောင်ရွက်ခြင်း မပြုရ။

  • ဆေးကုသခွင့် လိုင်စင်ရသူ မည်သူမျှ ကောင်စီက အသိအမှတ်မပြုသော ဘွဲ့၊ ဒီဂရီ၊ အဆင့်၊ ကျွမ်းကျင်မှုဆိုင်ရာ ပညာရပ်များကို မိမိ၏အမည်နှင့် ယှဉ်တွဲ၍ ဖော်ပြခြင်း မပြုရ။
  • မည်သူမဆို ပုဒ်မ ၅၄ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
  • မည်သည့်ဆေးကုသခွင့်လိုင်စင်ရ ဆရာဝန်မဆို ပုဒ်မ ၅၅ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်ငါးသိန်းအောက် မလျော့သော ငွေဒဏ်ချမှတ်ရမည်။
  • ဆေးကုသခွင့်လိုင်စင်ရရှိသူ မည်သူမဆိုပုဒ်မ ၅၆ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။
  • ဆေးကုသခွင့်လိုင်စင်ရရှိသူ မည်သူမဆို ပုဒ်မ ၅၇ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံခြင်းခံရလျှင် ထိုသူကို ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ချမှတ်ရမည်။

Email us at info@myanmarmedicalcouncil.org.mm
Questions? Give us a call at +95-9-456844445